ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာန၏ ပုဂံ စလေ ပခုက္ကူ ပခန်းကြီး ကွင်းဆင်းခရီးတွင် သွားရောက်လေ့လာခဲ့သော ပခန်းကြီးဒေသက ကျောင်းတော်ကြီး ခေါ် ပခန်းကြီးကျောင်းကဖြင့် လူသိများ ထင်ရှားပြီး ဖြစ်သလို သမိုင်းဝင်တန်ဘိုး အနုပညာ တန်ဘိုးများဖြင့် ပြည့်စုံသဖြင့် ရှေးဟောင်းသုတေသန ရှုထောင့်အရ အလွန်အရေးပါသည်။
ပခန်းကြီးဒေသဆိုတာ ယခုအချိန်တွင် အိမ်ခြေ ၆၇၇ အိမ်နှင့် လူဦးရေ ၃၇ဝဝ ကျော်နေ ထိုင်နေသည့် ရွာငယ်တစ်ခုသာ ဖြစ်သော်လည်း ပုဂံခေတ်တွင် ပုဂံနှင့်ခေတ်ပြိုင် တိုးတက်ထွန်းကားခဲ့ပြီး ကုန်းဘောင်ခေတ်တွင် ရတနာပုံပြီးလျှင် အဖွံ့ဖြိုးဆုံးဒေသ ဖြစ်ခဲ့သည်။ မြန်မာဘုရင်များလက်ထက်က ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းတွင် အကြီးဆုံးမြို့၊ ပခန်းမြို့ဟောင်းမြို့ ရိုးသည် မြန်မာနိုင်ငံ ရှေးဟောင်းမြို့ရိုးများတွင် အကြီးဆုံးဆိုတဲ့ ဝိသေသများနှင့် ပြည့်စုံနေတဲ့ ပခန်းကြီးကို ရှေးက ကုခန်ကြီး၊ ကုခန်းကြီး၊ ကူးခန်းကြီး၊ ကူးသန်းကြီး၊ ပုခန်းကြီး၊ ပခန်းကြီးဟု အဆက်ဆက် ပြောင်းလဲ သမုတ်ခဲ့ကြသည်။
ရှေးဟောင်းသာသနိက အဆောက်အဦး များစွာဖြင့် ပုဂံနှင့် ခေတ်ပြိုင်ကာလကတည်းက ထွန်းကားစည်ပင်ခဲ့ဖွယ်ရှိတဲ့ သက်သေများ၊ ရာဇဝင်များနှင့်တကွ မြို့သက်ရှည်ခဲ့သည်လော ကျောက်ခေတ် အထောက်အထားများနှင့် ပုတီး လက်ရေးစင်းအုတ် စသည်ဖြင့် အလွန်မြို့သက်ရှည်ခဲ့သည်လော ဝေခွဲနိုင်ဖို့ ဆက်လက် သုသေသန ပြုရပေဦးမည်။ စကားအရာတွင် အံ့မခန်း ပခန်းသားအစွမ်းလို့ ချီးကျူးလိုက်မိတော့မလို ပခန်းသားနဲ့ ချီပါသားတို့ရဲ့ အမည်ကျော် ဝတ္ထုတွေနဲ့ ပခန်းဒေသရဲ့ ဒြပ်ရှိ ဒြပ်မဲ့ ဓလေ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရိုးရာကိုးကွယ်မှု ထွန်းကားရာ မြေပခန်းဆိုတာနဲ့ ပခန်း ကိုကြီးကျော်ကို သတိရကြမှာ ဖြစ်သလို လူချွန်ပုဂ္ဂိုလ် ပခန်းမင်းကြီး ဦးရန်ဝေးကိုလဲ ပြေးမြင်ကြမှာမလွဲ။
"နန်းတော်ကမေးလျှင် ဤရွှေတုံးကို ငါ ယူသွားသည် ပြောလိုက်" ဟု မှာထားကာ ယူ၍ ဆင်းရဲသဖြင့် အရိပ်ခိုရန် ရောက်လာသော ၎င်း၏နှမမယ်နီသို့ ပေးလိုက်လေရာ ယောအတွင်းဝန် ဦးဘိုးလှိုင် လာရောက်စုံစမ်းလျှင် "မောင်လှိုင်၊ ငါက မင်းတရားကြီးပိုင် ရွှေတုံးကို ယူလာတာ မှန်ပါတယ် ငါ့မှာဆင်းရဲသော နှမတစ်ယောက်ကို ထောက်ပံ့ရန် တာဝန်ရှိနေတယ် ငါရရှိသည့် ရိက္ခာတော်က လောက်ငရုံပဲရှိတယ် လာဘ်တံစိုး လက်ဆောင်လည်း ငါဘယ်တော့မှမယူခဲ့ ဒါကြောင့် ခိုးခြင်းခိုးလျှင် ငါ့အရှင်သခင်ရဲ့ ပစ္စည်းကို ခိုးပြီး နောင်သံသရာမှာလည်း အတုံ့အလှည့် ခံရပါလျှင် ကိုယ့်အရှင်သခင် အိမ်မှာပဲခွေးဖြစ်ဖြစ် ခံရတာက မြတ်တယ်လို့ ငါအောက်မေ့ပြီး ယူခဲ့တာပဲ "
ဘုရင့်အမိန့်တော်ကို ဆွဲဆုတ်ပစ်၍ " မင်းတို့ဘုရင် တောင်နားမလည် မြောက်နားမလည်နှင့် ဤအမိန့်မျိုး ထုတ်ရသလား "
" နောက်ထပ် သူပုန် ဟူ၍ မဖမ်းစေနှင့် "ဟု အမိန့်ထုတ်ပြီး ဘုရင်ကအမေးတော်ရှိရာ ပခန်းမင်းကြီးက "ဤကိစ္စတွင်ရှင်ဘုရင်တာဝန်မကင်းဖြစ်သည် မဟုတ်လော သူပုန်များသည် သားတော် မြင်ကွန်းစား၏ လူများဖြစ်ရာ သားမကောင်း၍ နီးရာဓားကို ကြောက်ရပြီး လိုက်ပါရသည် မှန်ပါ၏ သားသမီးမကောင်း မိဘခေါင်းဖြစ်သည် အဝေးမြို့ဝန်တို့သည် ဤအချက်ကောင်းကိုယူပြီး ရာထူးစည်းစိမ်တိုးတက်ရေး မျှော်ကိုးကာ မိမိနှင့် မသင့်မတင့် သူများကို သူပုန်အဖြစ် ဆွဲထည့်နေသည်ကို ရှင်ဘုရင်က နန်းတော်ထဲနေပြီး ဘာသိလဲ"
ဝန်စုမှူးစုတို့ သားမယား တစ်ယောက်မက အမြှောင် အပို ထားကြသည့်အတွက် ရရှိသော ရိက္ခာတော်ငွေနှင့် မလောက်မငကြောင်း မင်းတုန်းမင်း ကြားသိတော်မူ၍ သားမယား တစ်ယောက်ထက် အပိုမယူကြရန် ဥပဒေလုပ်လိုသော ဆန္ဒဖြစ်၍ ပခန်းမင်းကြီးနှင့် တိုင်ပင်တော်မူရာ ဝမ်းမြောက်စွာ ထောက်ခံ၍
" ဒီဥပဒေကို ဝန်ကြီးမှူးကြီးများ အတွက်သာ မထားဘဲ ရှင်ဘုရင်ကိုပါ ဤဥပဒေဘောင်အတွင်း နေတော်မူစေလျှင် များစွာသင့်လျော်မည်ထင်ကြောင်း" လျှောက်တင်သူ
ဝန်ကတော်တစ်ယောက် လှည်းယဉ်ခြောက်စထောင်ကို စီးနင်းလိုက်ပါလျက် ရွှေထီးဆောင်းကာ အဆောင်ကိုင်များ ဝန်းရံ၍ တခမ်းတနား သွားလာနေသည်ကို မြင်၍ မိမိ၏လှည်းသမားအား ထိုဝန်ကတော်ကို ကြိမ်လုံးဖြင့်ဆင်း၍ အရိုက်ခိုင်းရာ ရှင်ဘုရင်ထံသို့ သတင်းပေါက်ကြား အဘယ်ကြောင့်ဤသို့ဆုံးမရသလဲဟု မေးတော်မူရာ "ဤဝန်ကတော်အား ဆင်းရဲသားများက မြင်လျှင် သူ့လင်သည် တံစိုးလက်ဆောက် ရ၍ ဤသို့ခမ်းနားကြီးကျယ်စွာ သွားလာနိုင်သည်ဟု ထင်မြင်ကြလိမ့်မည် သူ့လင်ကို ချီးမြှောက်သောရိက္ခာထက် အဆမတန်အောင် စိတ်ကြီးဝင်ကာ သွားလာနေသဖြင့် ရိုက်ရပါကြောင်း" ဟု မဆိုင်းမတွ တင်လျှောက်ဝံ့သူ
မင်းတုန်းမင်းကိုယ်တိုင် လေးစားရသော မှူးမတ်ကြီးတစ်ဦးဖြစ်တဲ့ ပခန်းမင်းကြီး ဦးရန်ဝေးလို အာဂအမှုထမ်းက ရှေးကာလကကော ယခုလက်ရှိအချိန်တွင်ပါ ရှားမှရှား။
ချင်းတွင်းအနောက်ဘက် ဗန့်ကျီနယ်၊ ဗဒူရွာသား၊ ၁၁၇၄ ခုဖွားဖြစ်ပြီး ၎င်း၏ ဦးရီး ဗဒူရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမကျောင်းတွင် ဦးဝိသုဒ္ဓဘွဲ့ဖြင့် ခန်းနေ ဦးပဉ္ဇင်းကြီးအဖြစ် သတင်းသုံး၏။ ပုဂံမင်း နန်းတက်ပြီးနောက် ဦးဝိသုဒ္ဓသည် နေပြည်တော်ရှိ ဗားကရာတိုက်သို့ ရောက်ရှိလာကာ ထို့နောက်မှ ငွေရေးကျောင်း ကျောင်းထိုင်ဆရာတော် ဖြစ်နေချိန်တွင် လွှတ်တော်မင်းသားကြီး မင်းတုန်းမင်းသားထံသို့ မှန်မှန်ကြွရောက်ကာ တရားဟော သီလပေးခြင်းပြုရသည်။ မင်းတုန်းမင်းသား၏ တောင်းဆိုချက်အရ လူဝတ်လဲပြီး မင်းတုန်းမင်းသား၏ အကြီးတော် ရာထူးတာဝန်ကို ထမ်းဆာင်ခဲ့ရသည်။
မင်းတုန်းမင်းသား ထီးနန်းရလာသောအခါ ဦးရန်ဝေးကို ပခန်းမင်းသားကြီးအဖြစ် ဝန်ကြီးခန့်အပ် သူကောင်းပြုခံရသည်။ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ပူးပေါင်း၍ မင်းဆိုးမင်းညစ်ဖြစ်သူ နောင်တော် ပုဂံမင်းကို တော်လှန်စဉ်က ပခန်းမင်းကြီးရဲ့ အခန်းကဏ္ဍကဖြင့် မည်သို့ရှိသည် မရှာဖွေနိုင်သေးသော်ငြား နန်းရပြီးချိန်တွင် အကြီးအကျယ် သူကောင်းပြုခံရသဖြင့် တစိတ်တဒေသ ပါဝင်ပူးပေါင်းမှု ရှိခဲ့မည်ကမလွဲ။
ပခန်းမင်းကြီး ဦးရန်ဝေးအနေနှင့် မင်းတုန်းမင်း၏ သားတော်များ ထကြွပုန်ကန်သည့် အရေးတွင်လည်း ကိုယ်တိုင်ပါဝင်
ကြုံတွေ့ခဲ့ရသည်။ အိမ်ရှေ့စံ ကနောင်မင်းသားနှင့် ယာယီလွှတ်တော်အနီးရှိ တဲကြီးအတွင်း၌ မြတောင်ဝန်ကြီးဦးမှို၊ ပခန်းဝန်ကြီး ဦးရန်ဝေး တို့နှင့်အတူ သဿမေဓကိစ္စများကို တိုင်ပင်ဆွေးနွေးနေစဉ် ပုန်ကန်မှု ဖြစ်ပွားခဲ့သည်။ မြင်ကွင်းမင်းသား တာဝန်ယူသည့် အပိုင်းတွင် ကနောင်မင်းသားနှင့် မြတောင်ဝန်ကြီးဦးမှိုတို့က နေရာတွင် လုပ်ကြံခံလိုက်ရသော်ငြား ပခန်းဝန်ကြီး ဦးရန်ဝေး အပါအ၀င် မှူးမတ်အချို့ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။
မြင်းခုန်တိုင်မင်းသားသည် မင်းတုန်းမင်းရှိရာ ယာယီနန်းတော်သို့ အပြေးလာ၍ ဖခမည်းတော်ကို လုပ်ကြံမည့်ဆဲဆဲ မင်းတုန်းမင်းကြီး လွတ်မြောက်ခဲ့၍ နန်းတော်သို့ ပြန်ဝင်နိုင်သလို ၀န်ကြီးဦးရန်ဝေးမှာလည်း တပ်တော်နှင့် တွေ့ပြီး နောက်ကလိုက်ပါလာသည်။ စသည်ဖြင့် ဦးညိုမြ၏ “ကုန်းဘောင်ရှာပုံတော်”တွင် ရေးသားဖော်ပြထားမှု များမှ တဆင့် ပခန်းမင်းကြီး ဦးရန်ဝေး၏ အတ္ထုပတ္တိ၊ စိတ်နေသဘောထား၊ စားရိုက်တို့ကို ဖမ်းမိနိုင်သည်။
ပခန်းကျောင်းကန် ပုဂံဘုရားရယ်လို့ စာချိုးရှိရာတွင် ပခန်းဒေသတွင် ဘုန်းကြီးကျောင်း ၂၅ကျောင်းခန့် ရေတွက်၍ရပြီး လက်ရှိမှာလည်း ရှေးဟောင်း ဘုန်းကြီးကျောင်း ၅ကျောင်းရှိပါတယ်။ ထိုကျောင်းကြီးများတွင် ကုန်းဘောင်ခေတ်၏ ထိပ်ထိပ်ကျဲ ရာထူးအဆင့်အတန်းရ ဘုန်းကြီးလူထွက် ပခန်းမင်းကြီး ဦးရန်ဝေး၏ ကုသိုလ်မှတ်တမ်း အနေဖြင့် ကုန်းဘောင်ခေတ် ဗိသုကာလက်ရာမြောက် ကျောင်းတော်ကြီး တစ်ဆောင်ကို ပခန်းကြီး နယ်နိမိတ် အတွင်း ရှိ ပခန်း ငယ်ရွာတွင် ဆောက်လုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ပခန်းကြီး၊ ပခန်းငယ်ရှိသကဲ့သို့ စလေ တွင်လည်း ပခန်းငယ်ရှိသည်။ ရေစကြိုမြို့နယ် ပခန်းကြီးအနီးမှ ပခန်းငယ်သည် ဆိပ်ကမ်းရွာငယ်တစ်ခု သာဖြစ်ပြီး ချောက်မြို့အနီးရှိ စလေမြို့သည် ကုန်းဘောင် ခေတ်စာဆို စလေဦးပုည၏ ဇာတိမြေအဖြစ် ထင်ရှားသကဲ့သို့ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်လက်ရာ စေတီပုထိုးများ အများဆုံးရှိနေသည့် ဒေသ အဖြစ်လည်း ကျော်ကြားသည့် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည်။ ပခန်းကြီး ဒေသမှပခန်းငယ်သည် ရွာ ၁၂ ရွာ စုစည်းထားသော ကျေးရွာအုပ်စုတစ်ခုဖြစ်ပြီး အိမ်ခြေ ၂ဝဝ ကျော်ရှိကာ လူဦးရေ ၁ဝဝဝ ဝန်းကျင် နေထိုင်လျက်ရှိသည်။
နှစ် ဧက ကျယ်ဝန်းတဲ့ မြေဧရိယာပေါ်တွင် တည်ဆောက်ထားသော ပခန်းငယ် ကျောင်းတော်ကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းဘောင်ခေတ်နှောင်း ဘုန်းကြီး ကျောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ တိုင်လုံးတွေပဲကျန်ရစ်ခဲ့ပါတော့တယ်။ ပခန်းငယ်ရွာမှ ဦးသာကြီးကို ဗိသုကာပညာရှင်အဖြစ် စေခိုင်း၍ သူ၏ ငယ်ဆရာတော်အား ရည်စူးကာ ကျွန်းသားအတိဖြင့် ကျောင်းဆောင်ကြီး တစ်ကျောင်းကို ဆောက်လုပ်ခဲ့သည်။ ကျောင်းကြီးပြီးစီးရန် ခုနစ်နှစ် ကြာမြင့်သည်ဟု သိရပါတယ်။
ပုံသဏ္ဍာန်ပီပီပြင်ပြင် ရှိစဉ်က ယူထားခဲ့တဲ့ မှတ်တမ်းများအရ ကျောင်းတော်ကြီးမှာ အမြင့်၇ဝ ပေ (၂၁ မီတာ) ခန့်ရှိသည်။ ကျွန်းတိုင်ကြီးများရဲ့ အတိုင်းအတာတွင် သီးသန့်အမြင့်ပင် ပေ ၂ဝ မှ ပေ ၆ဝ (၆ မီတာ မှ ၁၈ မီတာ) နှင့် တိုင်လုံးပတ် ၆ပေ၄လက်မမှ ၆ပေ၈လက်မ (၂ မီတာ) အသီးသီးပါ။ ကုန်းဘောင်ခေတ် ထုံးစံအရ ကျောင်းတည်ဆောက်ခွင့်ကို ဘုရင်ထံ တင်ပြရပြီး ဘုရင်မှ ၎င်းပိုင်အရာတော် သစ်တောကြီးများထဲမှ ကျွန်းသစ်ကို အခွန်မဲ့ အခမဲ့ ထုတ်ယူခွင့်ကိုလည်းကောင်း ကျောင်းထိုင်မည့် ဆရာတော်၏ သီလ ပညာ ဘုန်းသမ္ဘာ အရှိန်အဝါနှင့် လျော်ညီသင့်မြတ်သော ကျောင်း၏ ပမာဏကို သတ်မှတ်၍ ဆောက်လုပ်ခွင့် ချပေးနိုင်ဖွယ်ရှိသည်။ ထိုအချက်ကို ပခန်းကြီးကျောင်းတော်ကြီးနှင့် ပခန်းငယ်ကျောင်းတော်ကြီးတို့၏ အကျယ်အဝန်း၊ အရွယ်အစား၊ အဆောင်အယောင်နှင့် သုံးစွဲထားသည့် တိုင်လုံးများကွာခြားမှုကြောင့် သတိပြုမိခြင်းပါ။
ကျောင်းထိုင်မည့် ဆရာတော်၏ သီလ ပညာ ဘုန်းသမ္ဘာ ကြောင့်လော လွှတ်တော်ဝန်ကြီး ပခန်းမင်းကြီး ဦးရန်ဝေး၏ ဂုဏ်သိက္ခာ အရာကြောင့်လော အတည်မပြုနိုင်သော်လည်း ပခန်းကြီးကျောင်းထက် သာလွန်တဲ့ အနေအထားဖြင့် ပခန်းငယ် ကျောင်းတော်ကြီးကို လူနှစ်ဖက် အရွယ်ထိ ကြီးမားသော တိုင်လုံးပေါင်း ၃၃၂လုံးဖြင့် တည်ဆောက်ခွင့် ရခဲ့တာကတော့ အမှန်။ `စိန်စီကျောင်း တိုင်လုံးမှတ်´ ဟုလည်း နံသင့်သင်္ချာကိန်းဖြင့် စာချိုးမှတ်သားခဲ့သည်။
ထိုကျောင်းတော်ကြီးကို ပခန်းမင်းကြီးက သူ၏နန်းဆောင်အဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ဟန် မင်းတုန်းမင်းထံ ဦးရန်ဝေးက နန်းပြိုင်ရန် စီစဉ်နေကြောင်း မလိုသူများက လျှောက်တင်ခဲ့ကြသည်။ သတင်းစကားများကြောင့် မင်းတုန်းမင်းကိုယ်တိုင် ပခန်းငယ်ကျောင်းသို့ လာရောက် ကြည့်ရှုချိန်တွင် ဦးရန်ဝေးသည် မင်းတုန်းမင်း၏ သံသယများ ပယ်ပျောက်စေရန် ဆောက်လုပ်ထားသော ကျောင်းကြီးကို ရေစက်ချလှူဒါန်းခဲ့ကြောင်း စာပေများမှာဖတ်ရပါတယ်။ သို့သော် ပုံတွင်ဖော်ပြ ထားတဲ့ အဆောက်အဦးမှာ နန်းဆောင်တစ်ခုထက်စာလျှင် ဘုန်းကြီးကျောင်းအသွင်သာ ပေါက်နေသည် မဟုတ်ပါလော။
ဤကျောင်းတော်ကြီးတွင် စာသင်သား ရဟန်း သံဃာတော်အပါး ၆ဝခန့် သီတင်းသုံးခဲ့သည်။ ကျောင်းဦးပြာသာဒ်၊ အဆောင်မနှင့် ဘောဂဆောင် အဓိက အဆောင်ကြီး သုံးခု ပါဝင်ပြီး အဆောင်မကြီးမှာ သုံးဆင့်လည်ပေါ်မိုးနှင့်ဖြစ်သည်။ ကျောင်းဦးပြာသာဒ်တွင် ပလ္လင်တော် တစ်ခုရှိသည်။ ပြာသာဒ်ဘုံ ကိုလည်း ခပ်မြင့်မြင့် မြှင့်တင် ထားသည် ဟုဆိုနိုင်သည်။ စလေကျောင်းနှင့် ပခန်းကြီးကျောင်းများလိုပင် နံရံများပေါ်တွင် သစ်သားပန်းပုများ ရှိခဲ့ကြသည်။ မြေပြင် မှ ကျောင်းတော်ကြီး ကြမ်းခင်း အထိ ၁ဝ ပေ (၃ မီတာ) ခန့် မြင့် သည်။ ကြမ်းခင်း ပျဉ်ပြား ကြီးများ မှာ ထု တစ်လက်မ ခွဲ (၄ စင်တီမီတာ) နှင့် ဗြက် ၁၂ လက်မ (၃ဝ စင်တီမီတာ) ခန့် ရှိသည်။ ခါးပန်း တွင်စွဲထားသည့် သံမှိုမယ်နကြီးများမှာ ၆ လက်မ (၁၅ စင်တီမီတာ) ခန့်ထိအဝန်းရှိသည်။
လက်ရှိတွင် ရာသီဥတုဒဏ်နှင့် လူများ၏ ဖျက်ဆီးမှုတွေကြောင့် ပျက်စီးယိုယွင်းနေပြီး နောက်တစ်ချက်က ချင်းတွင်းမြစ်ကမ်းနဖူး တွင်တည်ရှိသော အနေအထားကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို သိသိသာသာပိုခံစားရသည်က အဓိကပျက်စီးစေသော အကြောင်းအရင်းဖြစ်သည်။ ထို့ကြောင့် တိုင်လုံးကြီး တချို့ရယ် ကျောင်း၏ အရှေ့ဘက်တွင် တစ်ခု၊ အနောက်ဘက်တွင်တစ်ခု၊ မြောက်ဘက်တွင် သုံးခုနှင့် တောင်ဘက်တွင် သုံးခုစသည်ဖြင့် အုတ်လှေခါးကြီး ရှစ်စင်းကိုသာ တွေ့နိုင်တော့သည်။
သျှင်လေညင်း
၂၊ ၅၊ ၂၀၁၇
စာကိုးအစု
ကုန်းဘောင် ရှာပုံတော် ဦးညိုမြ
ပခန်းကြီးနဲ့ ပခန်းငယ် မောင်သာ (ရှေးဟောင်းသုတေသန )
ရေစကြို သတင်း မီဒီယာ
ပခန်းမြေမှ ဗိသုကာနှင့် အနုပညာ လက်ရာများ ဒေါက်တာတင့်လွင်
ဓါတ်ပုံကို ဦးအေးမင်း ပခန်းကြီးရှေးဟောင်း သုတေသန ပြတိုက် ထံမှကူးယူပါသည်